Monthly Archives: February 2022

မျက်နှာဖြူပုလိပ်မင်းကြီးပရက်စကော့ရယ်၊အဖေရယ်၊ဟရူးဘတ်ရန့်စရယ်…..

မျက်နှာဖြူပုလိပ်မင်းကြီးပရက်စကော့ရယ်၊အဖေရယ်၊ဟရူးဘတ်ရန့်စရယ်…..

ထွန်းကျော်ငြိမ်း။

19 February, 2022.

သတင်းစာဟောင်းတွေကိုလှန်လှောကြည့်ရင်းarchiveထဲစုဆောင်းထားတဲ့သတင်းတပုဒ်ဟာတချိန်ကအဖေပြောခဲ့ဘူးတဲ့အကြောင်းအရာတရပ်နဲ့ဆက်စပ်နေတာကိုတွေ့ရပါတယ်။ ဒါကြောင့်လွယ်လွယ်ကူကူပြန်ပြီး ရှာနိုင်အောင်မှတ်တမ်းnotesထည်းထဲ့မှတ်ထားခဲ့ပါတယ်။သည်ရက်ပိုင်းအတွင်းHugh Tinkerရဲ့The Struggle for Independenceမှတ်တမ်းတွေကိုဖတ်ရင်းနေရင်းနဲ့ အစဦးမှာဖေါ်ပြခဲ့တဲ့သတင်းနဲ့ ဆက်စပ်တဲ့ အကြောင်းအရာသမိုင်းမှတ်တမ်းကို မထင်မှတ်ဘဲတွေ့မိလိုက်ရပြန်ပါတယ်။ ခုဒီစာကတော့ဆက်စပ်နေ တဲ့သမိုင်းဆိုင်ရအကြောင်းအချက်(historical facts) တွေကိုဆန်းစစ်သုံးသပ်ရင်းပေါ်လာတဲ့ အတွေးကိုတင်ပြခြင်းဘဲဖြစ်ပါတယ်။

၁၉၄၆ခုစက်တင်ဘာလ၂၉ရက်နေ့ထုတ်ရှေ့ဆောင်သတင်းစာမှာပါတဲ့သတင်းတပုဒ်ပါ။

တက္ကသိုလ်ဓမ္မာရုံရှေ့မှာတက္ကသိုလ်ကျောင်းတွေပါတဲ့ဘတ်စကားဟာမျက်နှာဖြူပုလိပ်မင်းကြီးရဲ့မော်တော်ကားကိုကျော်တက်မိတဲ့အတွက်ပုလိပ်မင်းကြီးကကျောင်းသားဘတ်စကိုရှေ့ကနေပိတ်ရပ်ပြီးယာဉ်မောင်းကိုပါးရိုက်တဲ့သတင်းပါ။၁၉၄၆စက်တင်ဘာလဆိုတော့ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ဖဆပလဟာဘုရင်ခံကောင်စီမှာရာထူးလက်ခံပြီးကာစရက်ပိုင်းဘဲရှိပါသေးတယ်။မျက်နှာဖြူအရာရှိတွေအသိုင်းအဝိုင်းမှာတော့သခင်နဲ့ကျွန်ဆက်ဆံရေးယဉ်ကျေးမှုလွှမ်းမိုးနေဆဲကာလလို့ယူဆရမှာပါ။ပုလိပ်မင်းကြီးရဲ့နာမည်ကိုတော့သတင်းတည်းမှာ

မဖေါ်ပြထားပါဘူး။

ဒီသတင်းဟောင်းတပုဒ်ကိုဖတ်နေရင်းနဲ့အဖေပြောဘူးတဲ့ရှေးဟောင်းနှောင်းဖြစ်သူ့ရဲ့အတွေ့အကြုံတရပ်ကို

ပြေးပြီးသတိရမိပါတယ်။

အဖေကပြောပါတယ်။အမေဆုံးတော့အဖေ့ကိုသားသမီးမရှိတဲ့အမေ့ညီမအငယ်ဆုံးဒေါ်ဒေါ်မှုံကမွေးစားတယ်။

ဒေါ်ဒေါ့ယောက်ျားဉီးလေးဉီးအောင်ကြွယ်ကတောအုပ်ရာထူးနဲ့ကသာမြို့ကိုပြောင်းတော့အဖေက(ရ)တန်း

ကျောင်းသား။ကသာကျောင်းမှာ။အင်္ဂလိပ်စာတတ်ချင်တော့အင်္ဂလိပ်သတင်းစာတစောင်ကိုစာလုံးတိုင်းနားလည်ဘို့dictionaryကြည့်ပြီးဖတ်တာတပတ်လောက်ကြာတယ်။အင်္ဂလိပ်စကားပြောသံကိုကြားဘူးချင်လာတော့ကသာဘူတာရုံသွားပြီးအင်္ဂလိပ်ကပြားမီးရထားလက်မှတ်စစ်တွေအချင်းချင်းအင်္ဂလိပ်လိုပြောတာမယောင်မ

လယ်နဲ့အနားသွားပီးနားထောင်ရတယ်။ သူ့ကျွန်ဘဝမှာအင်္ဂလိပ်အရာရှိဆိုတာအနားတောင်မသီရဲဘူးကွ။သခင်နဲ့ကျွန်ဆိုတော့အလွန်လူပါး၀ကြတာ။

Exceptionခြွင်းချက်တွေတော့ရှိတာပေါ့ကွာ…တဲ့။ဗာစတီရောက်တော့အဖေရဲ့English professor Dr.Rhodesလိုလူမျိုးကြတော့အဖေတို့လို ကျောင်းသားတွေကိုအိမ်ဖိတ်၊ လက်ခံဆွေးနွေးပြီး နွေးနွေး ထွေးထွေးပျိုးထောင်ပေးခဲ့တယ်။အလွန်ကျေးဇူးတင်လေးစားထိုက်တဲ့ဆရာတွေပါ။ဒီလိုနဲ့ကျွန်ဘဝကလွတ်‌မြောက်ဖို့တော်လှန်ရေးတွေနိုင်ငံရေးတွေလုပ်ကြရင်းနဲ့ဘဝရဲ့အခြေအနေတခုကိုရောက်လာပြီးမထင်မှတ်တဲ့

အဖြစ်အပျက်တွေကိုလည်းကြုံတွေ့ရတာပေါ့။

ဥပမာကွာ၊အောင်ဆန်းအက်တလီစာချုပ်အတွက်လန်ဒန်ကိုပထမဆုံးအကြိမ်ရောက်တော့တနေရာမှာဖိနပ်တိုက်သမားဆီဝင်ပြီးဖိနပ်အတိုက်ခံတယ်။ရုတ်တရက်မျက်နှာဖြူတယောက်အဖေ့ခြေရင်းထိုင်ပြီးဖိနပ်တိုက်ပေးနေတာကိုကြည့်ရင်းနဲ့ဒီလူဟာဗမာပြည်မှာဆိုသခင်တို့၊ဆာတို့အ‌ခေါ်ခံအထူးခံတယောက်ဖြစ်မှာဆိုတဲ့အတွေး တွေးမိပြီးအမှတ်ရနေတယ်။

အဖေပြည်ထဲရေးဝန်ကြီးဖြစ်တော့လည်းဖြစ်ဖြစ်ချင်းမကြာမတင်မှာဘဲဒို့ဗမာတွေအပေါ်အင်မတန်လူပါးဝတဲ့

Prescottဆိုတဲ့ရဲမင်းကြီးကိုအဖေ့ရုံးခန်းခေါ်ပြီး”You are fired“လို့ပြောပြီးအလုပ်ဖြုတ်ပစ်လိုက်တယ်။He was shockedကွတဲ့။(ပရက်စ်စကော့ဟာသူပါးရိုက်နေကြဗမာတွေထဲကနေဝန်ကြီးဖြစ်ပြီးသူ့ကိုအလုပ်ဖြုတ်ပစ်နိုင်လိမ့်မယ်လို့ဘယ်တုန်းကမှစိတ်ကူးထဲရှိခဲ့ဘူးမယ်မထင်ဘူး။စာရေးသူမှတ်ချက်) ပြီးတော့ဦးဘမောင်ကိုပထမဆုံးဗမာရဲမင်းကြီး အဖြစ်အစားထိုးခန့်လိုက်တယ်။ရာဇဝင်ကြေးဆပ်ခွင့်ရလိုက်တာပေါ့ကွာတဲ့။ ဗမာကားသမားကိုပါးရိုက်တဲ့အင်္ဂလိပ်ပုလိပ်မင်းကြီးအကြောင်းသတင်းကိုဖတ်မိပြီးမှအဖေပြောခဲ့သည်ကိုစားမြုံု့့

ပြန်ရင်းနှင့်ပင်စာရေးသူအနေဖြင့်တဆင့်ခံအရသာပြန်လည်ခံစားနေသေးမိတော့သည်။

တနေ့ကတော့Hugh Tinkerရဲ့ဗမာ့လွတ်လပ်ရေးမှတ်တမ်းတွေကိုဟိုလှန်ဒီလှန်လေ့လာနေရင်း.. အဖေပြောဘူးတဲ့ပုလိပ်မင်းကြီးကိစ္စကိုဘုရင်ခံဟူးဘတ်ရန့်ရဲ့အထက်အရာရှိLord Pethick-Lawrenceထံရေးတဲ့၁၉၄၇ခုနှစ်မတ်လအစီအရင်ခံစာတခုမှာအမှတ်မထင်ဖတ်လိုက်ရပြန်ပါတယ်။

အဲသည်အစီရင်ခံစာမှာရန့်စ်ကကျနော်အောင်ဆန်းနဲ့ကျော်ငြိမ်း(ပြည်ထဲရေးဝန်ကြီးအသစ်)၂ယောက်စလုံးနဲ့တွေ့ပြီးကွန်မြူနစ်အမာနယ်မြေဖြစ်တဲံ့လယ်‌ဝေးပျဉ်းမနား‌တောင်ငူလမ်းတ‌လျောက်လက်နက်ကိုင်တိုက်ခိုက်‌နေသူ့တွေ(စစ်မကြေညာဘဲစစ်တိုက်နေသောလယ်‌ဝေးသူပုန့်တွေဒီအ‌ကြောင်း‌ရေးပါဉီးမည်။စာရေးသူမှတ်ချက်) ကိစ္စ‌ကိုဆွေး‌နွေးတဲ့အကြောင်းအစီရင်ခံတယ်။ပြီးတော့ပုလိပ်မင်းကြီးPrescottအကြောင်းဆက်ပြီး‌ရေးပါတယ်။ ဗမာပြည်ထဲ‌ရေးဝန်ကြီးအသစ်ကကျနော်တို့ရဲ့အင်္ဂလိပ်ပုလိပ်မင်းကြီးကိုအလုပ်ဖြုတ်ပစ်တဲံအကြောင်း

မပါဝင်ပါဘူး။Prescottပရက်စကော့ဟာကျန်းမာရေးမကောင်းတဲ့သူ့သမီးကြောင့်အငြိမ်းစားယူရန်ပြင်ဆင်တဲ့အနေနဲ့ခွင့်ယူသွားတယ်လို့ရေးထားပါတယ်။””Prescott has applied for leave preparatory to retirement”လို့အစီရင်ပါတယ်။

မထင်မှတ်ဘဲသမိုင်းဆိုင်ရာအချက်အလက်နဲ့ပတ်သက်တဲ့အကြောင်းအရာတရပ်ခေါင်းထဲပေါ်လာပါတယ်။စဉ်းစားစရာဖြစ်လာပါတယ်။

ပရက်စ်ကော့နဲ့ဦးဘမောင်အပြောင်းအလဲကိစ္စဟာသမိုင်းဆိုင်ရာအချက်အလက်တခုပါ။A historical fact ပါ။

ဒါပေမဲ့ဦးကျော်ငြိမ်းပြန်ပြောပြတဲ့မှာထူးဖြုတ်ခံရတဲ့ဇာတ်လမ်းနဲ့Hubert Ranceရဲ့versionကမတူကွဲပြား ပါတယ်။ဒီနေရာမှာအင်္ဂလိပ်သမိုင်းပညာရှင်ကြီးR.G.Collingwoodရဲ့အဆိုကိုသတိရစရာပါ။

(history cannot be studied in the same way as natural science because the internal thought processes of historical persons cannot be perceived with the physical senses, and past historical events cannot be directly observed. He suggested that a historian must “reconstruct” history by using “historical imagination” to “re-enact” the thought processes of historical persons based on information and evidence from historical sources.)

သမိုင်းအချက်အလက်တွေကိုre-enactဇာတ်လမ်းပြန်ဖေါ်ရာမှာသဘာဝသိပ္ပံမှာလိုမြင်ရာကိုဘဲ ဆွဲယူပြီးပြောလို့မရနိုင်ဘူးလို့့ဆိုပါတယ်။ ပညာရှင်တွေဟာသမိုင်းဇာတ်ကောင်တွေရဲ့အတွေးထဲတတ်နိုင်သမျှဝင်ပြီးကြည့်နိုင်ဘို့လိုတယ်လို့ဆိုပါတယ်။ဒီအယူအဆကိုအခြေခံပြီးကြည့်ရင်……

အဖေတို့ကအင်္ဂလိပ်တော်ကိုတော်လှန်ချင်လို့နိုင်ငံရေးထဲရောက်လာကြသူတတွေပါ။သူတို့ဘက်က ကြည့်ရင်ပရက်စကော့Prescottဟာဗမာတွေကိုထင်တိုင်းကြဲပြီးပါးရိုက်ခဲ့သူနယ်ချဲ့ဘက်သားတယောက်။ထန်းတပင်မှာ၁၉၄၆ခုကပြည်သူံရဲဘော်တွေကိုသေနတ်နဲ့ပစ်သတ်ခဲ့တဲ့ဌာနာအုပ်ဦးမောင်ကလေးကိုအကာအကွယ်ပေးခဲ့တဲ့ပုလိပ်မင်းကြီး။ရာထူးကဖြုတ်ခံရတာနည်းသေးတယ်လို့ထင်ရလောက်ပါတယ်။

ဘုရင်ခံဘက်ကကြည့်ရင်…….

1947မတ်လမှာဘုရင်ခံကောင်စီဟာလည်းယခင်ကလိုမဟုတ်တော့ပါဘူး။အောင်ဆန်းအက်တလီဆွေးနွေးပွဲရဲ့ရလဒ်တခုအနေနဲံဘုရင်ခံကောင်စီဟာယခင်လိုဘုရင်ခံကိုအကြံပေးရုံသက်သက်သာ မဟုတ်တော့ဘဲ အချုပ်အခြာအာဏာပိုင်နိုင်ငံများရဲ့အစိုးရခဲ့သို့ လုပ်ပိုင်ခွင့်အာဏာအပြည့်အဝရှိတဲ့အစိုးရအဖြစ်အ က်တလီနဲ့သူ့ရဲ့အစိုးရအဖွဲ့ကလက်ခံခဲ့ ပါတယ်။ သည့်အတွက်ကြောင့်ဗိုလ်ချုပ်တို့လန်ဒန်မှပြန်ရောက်သည် နှင့်ဘုရင်ခံဟာGovernor’s Executive Councilအစည်းအဝေးတွေမှာကိုယ်တိုင်ပါဝင်ခြင်းမရှိတော့ဘဲ ကောင်စီဒုဥက္ကဌဦးအောင်ဆန်းကသာသဘာပတိအဖြစ်ဦးဆောင်ပါတယ်။ပြည်ထဲရေးကပုလိပ်မင်းကြီးကို

ဖြုတ်တဲ့ကိစ္စကိုဝင်တားဘို့အဆင်မပြေ့ပါဘူး။

တဘက်မှာPrescottပရက်စကော့ဟာ1915ခုနှစ်ကတည်းကဗမာပြည်မှာပုလိပ်အရာရှိအဖြစ်၁၉၁၅အမှုထမ်းခဲ့သူပါ။ဗြိတိသျှအင်ပါယာရဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ပင်စင်ယူခါနီးထိပ်တန်းပုလိပ်အရာရှိကြီးတဦးပါ။ဒါကြောင့်ဘုရင်ခံဟာပရက်စကော့ကိုအနားယူခွင့်ပြုတဲ့အနေနဲ့အစီရင်ခံစာမှာတင်ပြခဲ့တယ်လို့ယူဆနိုင်ပါတယ်။ထူးခြားတဲ့နောက်ထပ်အချက်ကတော့ဦးဘမောင်ကိုရဲမင်းကြီးခန့်ရခြင်းအကြောင်းကို အကျယ်တဝင့်ရှင်းပြနေတာပါဘဲ။စိတ်ဓါတ်ကျဆင်းနေတဲ့ဗမာပုလိပ်တပ်ဖွဲ့တွေကိုဗမာမင်းကြီးကသာစိတ်ဓါတ်ပြန်လည်တက်ကြွအောင်လုပ်နိုင်မည်ယူဆပါကြောင်း။သို့သော်ဦးဘမောင်ဟာအသက်ကြီးပြီဖြစ်တဲ့အတွက် သည်ရာထူးမှာကြာရှည်ထားမည်မဟုတ်ကြောင်းဖွဲ့နွဲ့ပြီးရှင်းပြနေခြင်း ဟာလည်း လန်ဒန်မှာရှိတဲ့အာဏာပိုင် တွေအနေနဲ့ဗမာတယောက်ကိုရာထူးကြီးကြီးပေးကိစ္စကိုလှိုက်လှိုက်လဲလဲ ကြိုဆို မဲ့ အနေအထား မရှိတာကို Hubert Rance အနေနဲ့ကြိုပြီးသိနေလို့့ဖြစ်ကြောင်းတွေးယူတွက်ဆနိုင်ပါတယ်။

သမိုင်းအချက်အလက်တခုကိုလေ့လာမိရင်းခေါင်းထဲပေါ်လာတဲ့အမြင်ပါ။